နွေဦးရန်ကုန် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်

အာဏာရှင်အဆုံးသတ်နိဂုံး (EOD) စီမံကိန်း တတိယ အစီအစဉ် အဖြစ် “နွေဦးရန်ကုန် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်” Spring Yangon Investment ကို စတင်ပြီဖြစ်ကြောင်း အသိပေး ကြော်ငြာခြင်း

၁။ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) ၏ တတိယ အစီအစဉ်အဖြစ် မင်းအောင်လှိုင်နှင့် အကြမ်းဖက် စစ်ခေါင်းဆောင်များ (သို့) အကြမ်းဖက် စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များ (သို့) အကြမ်းဖက်စစ်တပ်နှင့် ဆက်နွယ်သော စီးပွါးရေးလုပ်ငန်းများမှ သိမ်းပိုက်ရယူထားသော နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ မြို့နယ် အသီးသီးရှိ မြေနှင့်အဆောက်အအုံများကို အများပြည်သူ အကျိုးရှိမည့် စီမံကိန်းများအဖြစ် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှ စတင်ကာ ဖော်ဆောင်သွားမည် ဖြစ်ပါသည်။

၂။ အဆိုပါ စီမံကိန်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ အချက်အခြာကျသော ဧကထောင်နှင့်ချီသော မြေနေရာများ ပါဝင်မည် ဖြစ်ပါသည်။ 

၃။ စီမံကိန်း အမျိုးအစား ၃ ခု ပါဝင်မည် ဖြစ်ပါသည်။

(၃-က) စိမ်းလန်းနယ်မြေနှင့် နွေဦးတော်လှန်ရေး အထိမ်းအမှတ်များ။ 

ပြည်သူအများနှင့်ဆိုင်သော စီမံကိန်း ဖြစ်ပြီး စိမ်းလန်းမြေ၊ နွေဦးပန်းခြံ၊ မျိုးဆက်သစ်တို့၏ လွတ်လပ်ရင်ပြင်၊ ပြည်သူ့သူရဲကောင်းများ ဗိဗ္မာန်၊ နွေဦးတော်လှန်ရေး ပြတိုက် စသည်ဖြင့် တော်လှန်ရေးအောင်ပွဲနှင့် ထိုက်တန်လှသည့် ပြည်သူ့များအတွက် ခန့်ညားထည်ဝါတဲ့ ဗိသုကာအဆောက်အအုံများ၊ ကမ္ဘာက လေးစားတန်ဖိုးထားစရာ အခင်းအကျင်းများကို ဖော်ကျူးထားမယ့် နေရာတွေပါဝင် ပါမယ်။ ပြည်သူ့ အကြံပေးချက်၊ ပူးပေါင်းပါဝင်မှုများကို ဖိတ်ခေါ်သွားမည် ဖြစ်ပြီး နွေဦးတော်လှန်ရေးလွန် ကာလတွင် တရားဝင် ပြည်သူ့အစိုးရမှ အကောင်အထည်ဖော်ဆောင်သွားပါမည်။ 

(၃-ခ) တော်လှန်ရေးရန်ပုံငွေ အိမ်ယာစီမံကိန်းများ။ 

အာဏာရှင်နိဂုံး အဆုံးသတ်ရန်အတွက် အရေးကြီးလှသော တော်လှန်ရေး ရန်ပုံငွေများ ရရှိရန် ရည်ရွယ်ပါသည်။ မြေပိုင်ဆိုင်ခွင့် ရရှိမည့် စီမံကိန်းများ ဖြစ်ပြီး၊ ပထမဆုံး အနေဖြင့် “နွေဦးရိပ်မွန် စီမံကိန်း @Mindhamma” နှင့် “နွေဦးမော်ကွန်းသစ် စီမံကိန်း @Thanthuma” တို့ ပါဝင်မည် ဖြစ်ပါသည်။ EOD ကိုယ်စားလှယ်များမှ တဆင့် ရောင်းချပေးမည့် စီမံကိန်း အမျိုးအစား ဖြစ်ပါသည်။ 

(၃-ဂ) စီးပွါးရေးဆိုင်ရာ စီမံကိန်းများ။ 

တော်လှန်ရေးရန်ပုံငွေများ ရရှိရေးသာ မကပဲ၊ အသက်အိုးအိမ်စည်းစိမ် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ပြည်သူများ၊ စီဒီအမ်သူရဲကောင်းများ၊ ကျဆုံးသူရဲကောင်းများအတွက် နွေဦး တော်လှန်ရေးလွန်ကာလ ပြန်လည်ထူထောင်ရေး၊ လူမှု/စီးပွါး ဖွံဖြိုးရေး စီမံကိန်းများ ပါဝင်မည် ဖြစ်ပါသည်။ စီမံကိန်း မြေနေရာများ သတ်မှတ်ပြီး ပြည်တွင်း ပြည်ပမှ လုပ်ငန်းအဖွဲ့များ၊ ကုမ္ပဏီများအား “စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန” မှ တိုက်ရိုက်ညှိနှိုင်း ရောင်းချပေးသွားမှာ ဖြစ်ပါသည်။

၄။ စီမံကိန်း အသေးစိတ်များကို အများပြည်သူအား ထပ်မံအသိပေး ကြေညာသွားမှာ ဖြစ်ပါသည်။ ကြေညာပြီးပါက ကမ္ဘာ့နိုင်ငံ အသီးသီးရှိ EOD ကိုယ်စားလှယ်များထံ ချိတ်ဆက်၍ အာဏာရှင်အမြစ်ဖြတ်ရေး နွေဦးတိုက်ပွဲတွင် ပါဝင်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 

၅။ ဤ “နွေဦးရန်ကုန် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်” Spring Yangon Investment စီမံကိန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၄-၀၂-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နှင့် အပိုဒ် ၅ အရ စီမံဆောင်ရွက်ခြင်း ဖြစ်ပါသည်။

၆။ အာဏာရှင်အဆုံးသတ်နိဂုံး အတွက် မဆုတ်မနစ်သော ဇွဲလုံ့လ၊ ခိုင်မာပြတ်သားသောသန္နိဋ္ဌာန်ဖြင့် ပူးပေါင်း ပါဝင်ကြသူအားလုံးကို လေးစားဂုဏ်ပြု ဦးညွှတ်အပ်ပါသည်။

End of Dictatorship

Share on facebook
Share
Share on twitter
Share
Share on linkedin
Share