ကြေညာချက် (၉/၂၀၂၁)

ငွေစက္ကူများ တရားမဝင် ရိုက်နှိပ်ထုတ်ဝေခြင်းနှင့် စပ်လျဉ်းသည့် ကြေညာချက်

၁။ တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် မြန်မာကျပ်ငွေစက္ကူအသစ်များ ရိုက်နှိပ်ရန်အလို့ငှာ ငွေစက္ကူပုံနှိပ်လုပ်ငန်း ဝန်ဆောင်မှုပေးသည့် ပြည်ပကုမ္ပဏီများထံ ချဉ်းကပ်လျက်ရှိကြောင်း ကျွန်ုပ်တို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနအနေဖြင့် ခိုင်လုံသည့် သတင်းအချက်အလက်များ လက်ခံရရှိထားပါသည်။

၂။ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်းဆိုသည်မှာ နိုင်ငံတစ်ခု၏ တရားဝင်အစိုးရကသာ လုပ်ပိုင်ခွင့်ရှိသည့် လုပ်ငန်းစဉ် ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် ၁၉၀၈ ခုနှစ် မတရားအသင်းများအက်ဥပဒေ ပုဒ်မ ၁၆ အရ တရားမဝင်အာဏာသိမ်းစစ်ကောင်စီအား မတရားအသင်းတစ်ခုအဖြစ် အတိအလင်းကြေညာပြီးဖြစ်သည်။ ယင်းအက်ဥပဒေပုဒ်မ ၁၈ အရ အိမ်စောင့်အစိုးရအမည်ခံ စစ်ကောင်စီမှဖြစ်စေ၊ ယင်းကိုဆက်ခံသည့် အဖွဲ့အစည်းတစ်ခုခုမှဖြစ်စေ၊ ယင်း၏လက်အောက်ခံ အဖွဲ့အစည်းတစ်ခုခုမှဖြစ်စေ ငွေစက္ကူရိုက်နှိပ် ထုတ်ဝေခြင်းသည် တရားဝင်မှု အလျဉ်းမရှိသည့် လုပ်ရပ်သာဖြစ်သည်။

၃။ တရားမဝင်ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခြင်းဖြင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေခြင်းသည် ကျွန်ုပ်တို့ပြည်သူများ၏ လုပ်အားနှင့် ချွေးနှဲစာစုဆောင်းငွေများကို တဖက်လှည့်ခိုးယူခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံသည် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ အဆင်ခြင်မဲ့လုပ်ရပ်များကြောင့် ယခင်မကြုံဖူးသည့် ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနှင့် ကပ်ရောဂါတို့ကို စုပြုံခံစားနေရချိန်၌ အိမ်ထောင်စုများ၊ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြုပ်နှံသူများနှင့် ပြည်သူလူထုအပေါ် ထပ်မံ၍ ဒုက္ခအကျပ်အတည်း ဆိုက်ရောက်စေသည့် ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်းသည် သည်းခံခွင့်လွှတ်နိုင်ဖွယ် မရှိသော လုပ်ရပ်သာဖြစ်သည်။

၄။ ထို့ကြောင့် ငွေစက္ကူပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း ဝန်ဆောင်မှုပေးနေသည့် ပြည်ပမှ ကုမ္ပဏီများအနေဖြင့် တရားမဝင်အာဏာသိမ်း စစ်ကောင်စီ၏ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်းအား တနည်းနည်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကုန်ကြမ်းပစ္စည်းနှင့် နည်းပညာအထောက်အပံ့ ပေးခြင်းတို့ကို အထူးရှောင်ရှားကြရန် တိုက်တွန်းတောင်းဆိုအပ်ပါသည်။

၅။ ပြီးခဲ့သည့် မတ်လတွင် စစ်ကောင်စီထိန်းချုပ်ထားသည့် ငွေစက္ကူ နှင့် ငွေကြေးဆိုင်ရာ စာချုပ်၊စာတမ်းများပုံနှိပ်စက် အတွက်အဓိက လိုအပ်သည့် နည်းပညာနှင့်ကုန်ကြမ်းတင်ပို့မှုများကို မူဝါဒခိုင်မာစွာ၊ ကျင့်ဝတ်မှန်ကန်စွာ၊ ချက်ချင်းရပ်စဲခဲ့သည့် Giesecke+Devrient GmbH ကုမ္ပဏီ၏ ဂုဏ်သိက္ခာရှိသည့် တာဝန်ခံဆောင်ရွက်မှုကို စံနမူနာထား၊ အတုယူ၍ အကြမ်းဖက်စစ်ကောင်စီနှင့် စီးပွားရေးဆက်ဆံ ဆောင်ရွက်မှုများ လုံးဝမပြုလုပ်ကြရန်လည်း တိုက်တွန်းအပ်ပါသည်။

၆။ လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်သော ရာဇဝတ်မှုအပါအဝင် ဆက်လက် ကျူးလွန်နေသည့် ရက်စက်ယုတ်မာမှုများ၊ မရေမတွက်နိုင်သော အကြမ်းဖက် လုပ်ဆောင်မှုများနှင့် ဆက်စပ်နေသည့် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ ဥပဒေမဲ့၊ တရားမဝင်ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်း လုပ်ငန်းစဉ်တွင် တနည်းနည်းဖြင့် ပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများအား အကြမ်းဖက်မှုကို အားပေးကူညီရာမြောက်သည့်လုပ်ငန်းများအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က မှတ်တမ်းပြုစု၊ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

တင်ထွန်းနိုင် 
ပြည်ထောင်စုဝန်ကြီး 
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန
အမျိုးသားညီညွတ်‌ရေးအစိုးရ

Share on facebook
Share
Share on twitter
Share
Share on linkedin
Share